ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ချက်များ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

ပိုင်ကျုံ   စက်တင်ဘာ  ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားလျက်ရှိပြီး နေ့စဉ်ရောဂါကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြားချက်များကိုကရင်၊  မြန်မာနှစ်ဘာသာဖြင့် ယမန်နေ့ညနေ(၅)နာရီအချိန်ကမြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။    

ထိုသို့အသိပညာပေးနှိုးဆော်ချက်များ ကြေညာရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့်   ရပ်ကွက်တာဝန်ရှိသူတို့က  မိဘပြည်သူများအနေဖြင့်   ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိစေရန်အတွက် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ပါ။ သို့မှာသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို    ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါသည်။     ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြပါရန်နှင့်  မိမိတို့ကလည်း    အခြားသူများထံ    သွားရောက်ခြင်းမပြုကြရန်၊    အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက  ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပါ၊   အခြားသူများနှင့်ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း မတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများ သွားလာခြင်းမှရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို မိမိတို့အတွက်  အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးက အကြိမ်ပြည့် ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီးသော်လည်း  ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ စသည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)