မောတောင်မြို့ရှိ အခက်အခဲဖြစ်နေသော မိသားစုများအား အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စားနပ်ရိက္ခာများသွားရောက်ထောက်ပံ့လှူဒါန်း

တနင်္သာရီ စက်တင်ဘာလ ၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမြင့်မားနေမှု ကြောင့် Stay at Home အဖြစ်သတ်မှတ်ကြေညာထားသည့်ကာလအတွင်း မောတောင်မြို့-အမှတ်(၉)ကျေးရွာအုပ်စု-အမှတ်(၉)ကျေးရွာမှ စားသောက်ရေးအခက်အခဲဖြစ်နေသော/ဆွမ်းရဲနွမ်းပါးချို့တဲ့သော/အိုမင်းမစွမ်းဖြစ်နေပြီးအမှီခိုကင်းမဲ့သော စသဖြင့် အိမ်ထောင်စု(၁၀)စုတို့အားလတ်တလောကာလတွင် အစားအသောက် အဆင်ပြေစေရန်အတွက်  အမှတ်(၉)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးမင်းကိုမှ ဦးဆောင်လျက် စေတနာရှင်အလှူရှင်များစုပေါင်းကာ ယနေ့ နံနက် ၉နာရီအချိန်က ဆန်နှင့်အခြေခံစားရိက္ခာများကို ထောက်ပံ့လှူဒါန်းပေးကြောင်း သိရသည်။

“ကျနော့်အစီအစဉ်နဲ့ ရာအိမ်မှူး ဆယ်အိမ်မှူးတွေ ကျနော့်နဲ့ရင်းနှီးခင်မင်တဲ့ သူငယ်ချင်းတွေဆီက အလှူခံပြီးတော့ ရတဲ့ငွေနဲ့ တစ်အိမ်ထောင်လျှင် (၁၀)ပြည်ဝင်ဆန်တစ်အိတ်စီ၊ ဆီကတစ်ဗူးစီ၊ ကြက်သွန်နီ(၂)ကီလို၊ ကြက်ဥ(၁၅)လုံးစီနဲ့ငွေသား(၅၀၀၀)ကျပ်စီကို အိမ်ထောင်စု(၁၀)စုအတွက် သူတို့နေအိမ်အထိလိုက်လှူပေးတာပါ နောက်ထပ်လဲ ဒီလို လှူဒါန်းပေးဖို့ အစီအစဉ်ရှိသေး ကြောင်း” အမှတ်(၉)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးမင်းကိုကပြောသည်။

ယင်းသို့ လှူဒါန်းရာတွင် အုပ်ချုပ်ရေးမှူးဦးအေးမင်းကိုနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အမှတ်(၉)ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ တာဝန်ခံ ဦးဝင်းချိုနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ဆင်းရဲချို့တဲ့သည့် အိမ်ထောင်စု(၁၀)စုအား ၎င်းတို့၏ နေအိမ်များသို့ လက်ဝယ်ရောက် သွားရောက် ပို့ဆောင်ထောက်ပံ့ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ဆိုင်ရာ ထုတ်ပြန်ချက်များကိုလည်း တိတိကျကျ လိုက်နာနေထိုင်ပေးကြပါရန် သတိပေးမှာကြားကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)