မိုးညှင်း စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ လူကုန်ကူးခံရသူ အမျိုးသမီးငယ်တစ်ဦးအား ထောက်ပံ့ငွေများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားရာ “လူကုန်ကူးခြင်းဟာ ခေတ်သစ်ကျွန်ပြုသည့် လုပ်ငန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးငယ်များကို လူပွဲစားများက လိမ်လည်စည်းရုံး၊ ခေါ်ဆောင်ကာ အိမ်နီးချင်းတရုတ်နိုင်ငံရှိ တရုတ်အမျိုးသားများထံသို့ ရောင်းစားမှုများမှာ နှစ်စဉ်ဖြစ်ပွားလျက် ရှိသည့်အတွက် နိုင်ငံတော်အစိုးရအနေနှင့်လည်း လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ခရိုင်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥက္ကဋ္ဌအနေဖြင့် မိမိခရိုင်အတွင်း လူကုန်ကူးမှုများလျော့နည်းပပျောက်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မိုးညှင်းခရိုင်အတွင်း၌ ကိုဗစ်−၁၉ ရောဂါလျော့နည်းသွားပါက ကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေးတို့ကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ပြောကြားသည်။
ဆက်လက်ပြီး အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်က လူကုန်ကူးခံရမှုနှင့် ပတ်သက်၍ အမှုအကျဉ်း၊ အမှုဖြစ်စဉ်နှင့် အရေးယူ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥက္ကဋ္ဌ ဦးညီညီလွင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး လှိုင်မျိုးဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လူကုန်ကူးခံရသူ အမျိုးသမီးတစ်ဦး အား ထောက်ပံ့ငွေများနှင့် စားနပ်ရိက္ခာများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ မရွယ်ဆန့်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)