မြင်းခြံ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုများနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဩဂုတ် ၂၉ရက်နေ့မှစ၍ နေ့စဉ် နံနက် (၉) နာရီမှ (၁၁) နာရီခွဲအထိ မြို့နယ်အတွင်းရှိ စုရပ်နယ်မြေများအလိုက် သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ၌ စက်တင်ဘာ ယမန်နေ့က မြင်းခြံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်စုရပ်နယ်မြေတွင် ပြည်သူ(၃၈၅)ဦးကို သတ်မှတ်ဦးစားပေးအုပ်စုများနှင့်အညီ ထိုးနှံပေးနိုင်ခဲ့ ကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် ခရိုင်နှင့်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့မှ ကြီးမှူးပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေး လျက်ရှိပြီး မြို့နယ်အတွင်းမှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများနှင့် သတ်မှတ်ဦးစားပေးအုပ်စုများကို ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင် ဘာလ ၁၅ ရက်နေ့အထိ စုစုပေါင်း(၄၉၂၀)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေးအုပ်စုများနှင့်အညီ ဆက်လက်၍ နေ့စဉ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။