တိုက်ကြီး စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါကုသရေးစင်တာအဖြစ် ဖွင့်လှစ်ထားသော ချမ်းမြသာစည်ရပ်ကွက်ရှိ အ.ထ.က (တိုက်ကြီး) ကျောင်းတွင် ယနေ့ နံနက် ၇ နာရီအချိန်ခန့်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦးဆောင်သော အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ ပူးပေါင်း၍ အ.ထ.က (တိုက်ကြီး) ကျောင်းဝန်း အတွင်း၊ အပြင်ရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး အမှိုက်များဆယ်ယူခြင်း၊ စွန့်ပစ်ထားသော အမှိုက်များကို စနစ်တကျ ကောက်ယူသိမ်းဆည်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
တိုက်ကြီးမြို့နယ်အတွင်း မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ပေါ် ရပ်ကွက်/ကျေးရွာ များရှိ လမ်းဘေးဝဲ/ယာများ၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ အခြေခံပညာအထက်တန်းကျောင်းများ နှင့် ကိုဗစ် - ၁၉ ရောဂါစောင့်ကြည့်ကုသရေး စင်တာများတွင် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စန်းကလျာခိုင်