တောင်ကြီး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း ပိုမိုတိုးပွားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ ညနေပိုင်းက တောင်ကြီးမြို့နယ် ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုလွင်က ရွှေညောင်မြို့၌ Positive လူနာများ တစ်နေ့တစ်ခြား နေစဉ်ပိုမိုတိုးပွားလာမှုကိုတွေ့ရပါကြောင်း၊ ဤကဲ့သို့ ဖြစ်ရခြင်းမှာ လုပ်ငန်းဆောင်ရွက် ရာတွင် ဆက်သွယ်မှု အားနည်း၍ ဖြစ်ပါကြောင်း၊ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့မှုကွင်းဆက်ကို တိတိကျကျ ဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊ ကူးစက်သူလူနာများ ထိန်ချန်ထား၍ မရပါကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည် မဟုတ်ပါကြောင်း၊ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့မှု ကွင်းဆက်ဖော် ထုတ်ရာတွင် ပြည်သူများ အားလုံး ပူးပေါင်းပါဝင်ပေးကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ကျန်းမာရေးနင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းမော်ဦးက ပုဂ္ဂလိကဆေးရုံ များတွင် ဆေးကုသမှုခံယူပြီးကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိပါက ရောဂါပိုး တွေ့ရှိသူ၏ အချက်အလက်နှင့် နေရပ်လိပ်စာ များကို မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့သို့ သတင်းပေးရန် လိုပါကြောင်း၊ နေအိမ်များတွင် ကိုဗစ်-၁၉ ရောဂါသံသယဖြင့် သေဆုံး ပါက အတူနေ မိသားစု အားလုံး ရောဂါပိုးရှိ/ မရှိ မဖြစ်မနေ စစ်ဆေးရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ နှင့် လိုအပ်ချက်များကိုတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရွှေညောင်မြို့ တောင်ဦးတောင်ချေ မူလတန်းကျောင်းတွင် ဖွင့်လှစ်ထားသော Positive Center သို့ သွားရောက် ကြည့်ရှု၍ လူနာများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)