တောင်ကြီး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်၏ လမ်းညွှန်ချက်အတိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်း ပြန်လည် မြင့်မားလာသောကြောင့် သီပေါမြို့ကို သေချာစွာပြန်လည် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့တွင် ရောဂါကူးစက်မှုနှုန်းမြင့်နေကြောင်း၊ နိုင်ငံတော်၏ မှာကြားချက်အတိုင်း ကာကွယ်ဆေးများကို မိမိရရ ထိုးပေးကြရန်နှင့် အသစ် ထပ်ထိုးရန် ဆေးများလည်း ရောက်ရှိလာပြီဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လူဦးရေ(၈)သောင်း အတွက် ဆေးအလုံးရေ(၁၆၀၀၀)နှင့် ဆေး(၁)လုံးကို (၅)ယောက်ထိုးသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွက် အလုံးရေ (၁၄၀၀၀) လူဦးရေ (၇)သောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွက် အလုံးရေ(၄)ထောင်၊ လူဦးရေ (၂)သောင်း၊ ရှမ်း(၃)ရှမ်း အတွက် အားလုံး ပေါင်း လူဦးရေ (၁)သိန်း(၇)သောင်း ဆေးထပ်ထိုးမည် ဖြစ်ကြောင်း၊ စက်တင်ဘာ(၁၉)ရက်နေ့ စတင်ထိုးနိုင်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း ၊ယနေ့တက်ရောက်လာသည့် ကော်မတီအဖွဲ့များကလည်း ဝိုင်းဝန်းပူးပေါင်းပေးကြရန် ဆေးထိုးရာတွင် လည်း QR ကုတ်များ မှန်ကန်စွာ သွင်းရမည်ဖြစ်၍ မှားယွင်းမှုမရှိစေရန် ဆေးထပ်ထိုးမည်ဆိုပါက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါရှိမှသာ ထိုးပေးရန် မပါရှိပါက မထိုးပေးရန် ကော်မတီမှ ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးလာရောက်ထိုးပါက နိုင်ငံသားစိစစ်ရေးကတ်ပြား ယူလာရန်နှင့် မရှိပါက ပန်းခင်း စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ မှာကြားချက်အရ ပန်းခင်းစီမံချက်လည်း ဆောင်ရွက်ပြီး ဆေးလည်းထိုးပြီးဖြစ်၍ ယနေ့ တက်ရောက်လာသည့် ကော်မတီများကို တင်ပြသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ပန်းခင်း စီမံချက်အောင်မြင်မှုများ ရှိပါကြောင်း၊ အောက်စီဂျင်နှင့်ပတ်သက်၍ လိုအပ်ချက်များ မရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း မှာယူမှုများ ရှိပြီး အလှူရှင်များမှလည်း လာရောက်လှူဒါန်းမှုများ ရှိပါကြောင်း၊ ဆေးရုံများကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထားရှိ ပေးရန်နှင့် ဆေးထိုးရာတွင်လည်း သေချာစိစစ်ပေးရန် နိုင်ငံသားစိစစ်ရေးကတ်ပြား မပါရှိပါက ပြန်ယူခိုင်းရန်၊ အသက် အပိုင်းအခြားစာရင်း သေချာသွင်းရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိပါက ပန်းခင်း စီမံချက်တွင် စာရင်းသွင်းရန်၊ QR ကုတ် စာရင်းသွင်းသည့်အခါ မှန်မှန်ကန်ကန်ဖြစ်ရမည် ဖြစ်ကြောင်း၊ ယနေ့ကော်မတီများ အားလုံးသည်လို အပ်ချက် များ ရှိပါကဝိုင်းဝန်းဆွေးနွေး ပေးကြရန်ပြောကြားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှု နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ရှမ်းပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ ဆွေးနွေး တင်ပြပြီး အခမ်းအနားတက်ရောက်လာသည့် ကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြကာ အထွေထွေဆွေးနွေး၍ ရှမ်းပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)