လှည်းကူး စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် အသက်(၅၅)နှစ်မှ(၆၄)နှစ်အတွင်း ပြည်သူများအား ကာကွယ်ဆေး ထိုးနှံရေး နှင့် စာရင်းကောက်ယူရရှိနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ လမ်းညွှန်မှုဖြင့် ယမန်နေ့ ညနေပိုင်းက ရပ်ကွက်များအတွင်း အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ လှည့်လည်နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေး မိမိတို့ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးရုံးများတွင် လာရောက်စာရင်း ပေးသွင်း ကြရန်၊ စာရင်းပေးသွင်းပြီးသူများအနေဖြင့် သတ်မှတ်ထားသည့် နေ့ရက်များအလိုက် သတ်မှတ်အချိန်၊ သတ်မှတ်နေရာများတွင် ကာကွယ်ဆေး ထိုးနှံကြရန်တို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်နှိုးဆော် ကြေညာခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများ၌ လူဦးရေစာရင်းအား ကောက်ယူလျက်ရှိပြီး စာရင်း ရရှိမှုအပေါ်မှုတည်၍ အုပ်စုများခွဲကာ ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်