ကော့ကရိတ် စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် / ကျေးရွာများရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဦးစားပေး ဦးတည်အုပ်စု (၁၆)အုပ်စုအား ကာကွယ်ဆေးများ စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ဆေးထိုးစုရပ်များဖြစ်သည့် အမှတ် (၆)ရပ်ကွက် ဇိနသုခဓမ္မာရုံ၊ အမှတ် (၇)ရပ်ကွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် အထက (ကျုံဒိုး) တို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၏ ကြီးကြပ်မှုဖြင့် ခရိုင်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ တင်ထွန်းဇော်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ က ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် / ကျေးရွာများရှိ ဦးစားပေး ဦးတည်အုပ်စုများဖြစ်သည့် အသက် (၅၅)နှစ်နှင့် အထက် ပြည်သူများ၊ အစိုးရ / ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ / ပရဟိတဝန်ထမ်းများ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနာ့နွယ်ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက စက်ရုံ /အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရေးနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်/ အချုပ်ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးဝန်ထမ်းများ၊ စျေးသည်များ၊ မသန်မစွမ်းများ၊ EAO များ၊ ရွှေ့ပြောင်းလူအုပ်စုများ / ယာယီ စခန်းများမှ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များက ဦးစားပေး ထိုးသင့်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏတိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ကြပြီး ပုံမှန်အခြေအနေရှိမှသာ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသည်။
ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဦးစားပေး ဦးတည်အုပ်စု (၁၆) အုပ်စုအား စက်တင်ဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)