ကျောက်ပန်းတောင်း စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အများပြည်သူလှူဒါန်းငွေဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက်အသစ်(၁)လုံး ယမန်နေ့ ထပ်မံရောက်ရှိလာပြီး၊ စက်တပ်ဆင်ထည့်ယူလာသည့် ကွန်တိန်နာဘောက်စ် အား နေရာချထားမှုများကို၊ ညနေပိုင်းတွင် အပြီးဆောင်ရွက်ခဲ့ရာ၊ ယနေ့ မွန်တည့်(၁၂)နာရီမှ စတင်၍ အောက်ဆီဂျင်များ ထုတ်ယူပေးနိုင်ပြီဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောပါသည်။
အောက်ဆီဂျင်စက်မှာ ကွန်တိန်နာဘောက်စ်အတွင်း တပါတည်း တပ်ဆင်ထည့်သွင်း သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ ယခု ထားရှိမည့်နေရာတွင် ကွန်တိန်နာဘောက်စ်နှင့် အံဝင်ခွင့်ကျ အုတ်ခုံပြုလုပ်ပြီးသားဖြစ်သည့်အပြင် လိုအပ်သည့် လျှပ်စစ် မီးကိုပါ တပ်ဆင်ထားရှိပြီးဖြစ်၍ ကွန်တိန်နာရောက်သည့် ညနေပိုင်းတွင် တန် (၃၀) ကရိန်းဖြင့် မယူ၍ နေရာချထားမှုများကို ဆောင်ရွက်ခဲ့ကြပြီး၊ ညပိုင်းတွင် လျှပ်စစ်ဆက်သွယ်မှုလုပ်ငန်းများကို အပြီးဆောင်ရွက်၍ ယနေ့နံနက်ပိုင်းတွင် စက်စမ်းသပ် မောင်းနှင်ခဲ့ကြောင်း သိရသည်။ အဆိုပါစက်မှ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် စက်ဖြစ်ပြီး၊ စက်အမျိုးအစားမှာ PSA oxygen Generation System Scheme ဖြစ်ကြောင်းနှင့် စက်စွမ်းအားမှာ တစ်ရက်လျှင် (၁၈) နာရီ လည်ပတ်နိုင်ပြီး၊ ၄၀ လီတာဝင် အောက်ဆီဂျင်အိုး အလုံး (၉၀) ထုတ်လုပ်ပေးနိုင်ကြောင်းသိရသည်။ “ကျွန်တော်တို့ အောက်ဆီဂျင်စက်က ကွန်တိန်နာ ဘောက်စ်ထဲမှာ တစ်ခါတည်း တပ်ဆင်ပြီးပို့လိုက်တာပါ…။ စက်ရောက်တာက စက်တင်ဘာ(၁၄)ရက်နေ့ကတည်းက မြို့ကို ရောက်တာ ဒါပေမဲ့ ဒီကွန်တိန်နာဘောက်စ်နဲ့ စက်အလေးချိန်က တန်(၃၀)ရှိတော့ ဒီဘောက်စ်ကြီးကို စက်ခုံပေါ် တင်ဖို့အတွက် ကရိန်းစီစဉ်နေရတာနဲ့ နည်းနည်းနောက်ကျသွားတာပါ…အခုတော့ ကျွန်တော်တို့ လိုအပ်တဲ့ကျေးရွာတွေကို အောက်ဆီဂျင်အိုး အကြီး (၄၀ လီတာ) တွေကို စတင်ထုတ်ပေးနေပါပြီ..” ဟု အောက်ဆီဂျင်စက် ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိတွင် ၄၀ လီတာဝင်အောက်ဆီဂျင်အိုး တစ်အိုးလျှင် အလှူငွေ(၅၀၀၀)ကျပ် ကောက်ခံဆောင်ရွက်ပေးနေကြောင်းနှင့် နေ့စဉ်နံနက်(၉)နာရီမှ စတင်၍ လွယ်ကူလျှင်မြန်စွာ ထုတ်ယူပေးသွားမည်ဖြစ် ကြောင်း အဆိုပါ ကော်မတီဝင်ကပြောသည်။
ယခုရောက်ရှိ ထုတ်လုပ်ပေးနေသည့် အောက်ဆီဂျင်စက်မှာ ကျောက်ပန်းတောင်းမြို့နယ်အတွက် ဒုတိယ ရောက်ရှိလာသည့် စက်ဖြစ်ပြီး၊ ပထမရောက်ရှိလာသည့်စက်မှာ သုဂတိရှင်နာရေးကူညီမှုအသင်းမှ တာဝန်ယူဆောင်ရွက်နေသည့် အောက် ဆီဂျင်စက်ဖြစ်၍ မြို့နယ်အတွင်း မြို့ပေါ်/ကျေးရွာများနှင့် မြို့နယ်ပြင်ပ ကျေးရွာ/မြို့နယ်များမှလည်း အောက်ဆီဂျင်လိုအပ်မှု အခက်အခဲရှိပါက လာရောက်၍ လွယ်ကူလျှင်မြန်စွာ ဆက်သွယ်သယ်ယူနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)