ကချင်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ဒေါ်လာ (၁)သိန်းခွဲခန့်တန်ဖိုးရှိ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးဝတ်စုံ (PPE)နှင့် ပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်း

မြစ်ကြီးနား     သြဂုတ်  ၁၄

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ကချင်ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနအတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဒေါ်လာ (၁)သိန်းခွဲခန့်တန်ဖိုးရှိ (PPE)ဝတ်စုံနှင့် ဆက်စပ်ပစ္စည်းကိရိယာများကို ယနေ့ နံနက် (၁၀)နာရီတွင် အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။

လှူဒါန်းပွဲတွင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကိုယ်စား ဦးညွန့်ဝင်းဌေးက ကိုဗစ်-၁၉‌ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ (၁)သိန်းခွဲခန့် တန်ဖိုးရှိ တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံ (PPE) နှင့် ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်နယ်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင့်နိုင်နှင့် ဆေးရုံအုပ် ဒေါက်တာ တင်လှတို့က လက်ခံ့ရယူခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို ကချင်ပြည်နယ်အတွင်း ကျန်းမာရေးဝန်ထမ်များ၊ နေရပ်‌ရွှေ့ပြောင်း နေထိုင်ကြသူများ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများထံသို့ လွှဲပြောင်း‌ပေးအပ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယော်ဆောင်(ပြန်/ဆက်)