တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းဆောင်ရွက်

တန့်ယန်း  စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရာ အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်၍ အသိပညာပေးခြင်းအား စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

 အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းဆောင်ရွက်ရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ သိရှိလိုက်နာနိုင်ရန် စည်းကမ်းချက်များ၊ ကူးစက်ပျံ့နှံမှု မရှိစေရေး အတွက် လူစုလူဝေးရှောင်ရှားစေရေး၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောစေရေး၊ အတတ်နိုင်ဆုံး အိမ်ထဲတွင်သာနေထိုင်၍ အိမ်အပြင်ထွက်သူတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်အသုံးပြုရေးနှင့် မိမိ၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိသည်ဟု သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှု ခံယူကြရန်တို့အား မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် မြို့တွင်းသို့လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မင်းလွင်ဦး(ပြန်/ဆက်)