ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်မှုဇုံပြင်ပ အလုပ်သမားများအား ယနေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ပထမအကြိမ် (တတိယနေ့) အဖြစ် ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် အတွင်းရှိ သင်္ဘောကျင်းများတွင် အလုပ်လုပ်ကိုင်နေသူများ၊ ဆိုင်ကယ်ကယ်ရီမောင်းသူများ၊ စက်တပ်ရေယာဉ်(သမ္ဗန်)မောင်းသူများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ ဈေးရောင်းချသူများ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များရှိ အလုပ်သမားများကို စက်တင်ဘာ ၁၄ ရက်နေ့မှ စ၍ ပထမအကြိမ်အဖြစ် ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ စက်တင်ဘာ ၁၆ ရက်(တတိယနေ့)တွင် ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင် ရောင်းချသူများ၊ စက်မှု /လက်မှုအလုပ် သမားများ ပါဝင်သည့် စာရင်းအရ ၃၀၀ ဦးကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်း နှင့် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ကျန်ရှိသည့် ပြည်သူများကိုလည်း သတ်မှတ် ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
ဝေယံ