စဉ့်ကိုင် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် မြတ်မင်းကြက်မွေးမြူရေးခြံနှင့် EABC အချိုရည်စက်ရုံမှ ၀န်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီက အဆိုပါစက်ရုံ၀န်းအတွင်းရှိ ခန်းမဆောင်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)နှင့် ဒေါက်တာသက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး) တို့က ဦးဆောင်၍ ကျန်းမားရေး၀န်ထမ်းများ၊ စက်ရုံမှတာ၀န်ရှိသူများ ပူးပေါင်း၍ ၀န်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့်ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ခြင်းအရေးပေါ် တုံ့ပြန်နိုင်ရန်အတွက် စောင့်ကြပ် ကြည့်ရှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅)နှစ် အထက်အဘိုး၊ အဘွားများ၊ နိုင်ငံ့ ၀န်ထမ်းများ၊ မိသားစု၀င်များ၊ ပရဟိတအသင်း၀င်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စက်ရုံ၊ အလုပ်ရုံမှ ၀န်ထမ်းများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ စက်တင်ဘာ(၁၅)ရက်နေ့အထိ စုစုပေါင်း (၄၁၅၀) ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသူများအားလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။
ညိုညို၀င်း (စဉ့်ကိုင်)