မြောက်ဥက္ကလာပ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြောက်ဥက္ကလာပစက်မှုဇုံနှင့် ရွှေပေါက်ကံစက်မှုဇုံများမှ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြတ်ခရေခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြောက်ဥက္ကလာပစက်မှုဇုံနှင့် ရွှေပေါက်ကံစက်မှုဇုံများမှ ဝန်ထမ်း(၇၄၀၀)ဦးကို ဩဂုတ်လ (၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ယနေ့တွင် ဆေးထိုးရန် ကျန်ရှိသည့် စက်ရုံဝန်ထမ်းနှင့် စက်ရုံပြင်ပဝန်ထမ်း (၅၀၀)ကျော်ကို ပထမအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအပြင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး၀န်ထမ်းများ၊ စေတနာ့ဝန်ထမ်း /ပရဟိတ အသင်းဝင်များ၊ ဆရာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စက်မှုဇုံဝန်ထမ်းများကို သတ်မှတ်ထားသည့် ကျောင်းခန်းမဆောင်များတွင် ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွေးနှင့် အဖွဲ့၀င်များ ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများမှ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြမြဝင်း