ကျိုင်းတုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နိုင်ငံတော်မှ (ဒုတိယ)အကြိမ် ထောက်ပံ့ပေးအပ်

ကျိုင်းတုံ        ဩဂုတ်         ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နိုင်ငံတော်မှ (ဒုတိယ)အကြိမ် ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ် ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး (ဒုတိယ)အကြိမ် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများ အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများလက်ဝယ်သို့  အချိန်မီရောက်ရှိစေရေး၊ အလွဲသုံးစား မရှိစေရေးတို့ အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုစာရေးဝန်ထမ်းများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပေါင်းစပ်၍ ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး တို့က ကျိုင်းတုံမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၅ အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စု ၉၅၄၄ စု အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၉၀၈၈၀၀၀၀ကို (ဒုတိယ)အကြိမ် ထောက်ပံ့ ပေးအပ်ရာ ကြီးကြပ် ဆောင်ရွက် ရန်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ် အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)