မြဝတီမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

မြဝတီ စက်တင်ဘာ ၁၆

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံရေး ယနေ့နံနက် ၉ နာရီက ထိုးနှံပေးခဲ့သည်။

ထိုသို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒုတိယအသုတ်ပထမအကြိမ်အဖြစ် မြဝတီမြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ ၆၄ နှစ် အုပ်စုအတွင်းရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများကို မြဝတီခရိုင် ကျန်းမာရေးဝန်ထမ်းများမှ စက်တင်ဘာလ ၁၆ ရက် နေ့မှစတင်၍ စုရပ်(၇)နေရာတွင် နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ တစ်နေ့လျှင် စုစုပေါင်း ၂၃၀၀ ဦးခန့် ထိုးနှံပေးသွားမည် ဖြစ်သည်။

အဆိုပါပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးနေမှုများကို သင်္ဃန်းညီနောင်ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းနေလွင်၊ မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)