ကျိုင်းတုံမြို့နယ်အတွင်း သံဃာ​တော်များနှင့် ဒေသခံပြည်သူများအား ကို​ဗစ်-၁၉ ရောဂါပိုးရှိမရှိ အခမဲ့ စစ်ဆေးပေး

ကျိုင်းတုံ  စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင်း သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ (RDT)Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင် ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊  တပ်မတော်သား ဆရာဝန်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စက်တင်ဘာ ၁၅ ရက်က  ပန်ကြူကျေးရွာ အမက ကျောင်းနှင့် ဝမ်နွဲ့ကျေးရွာ ဘုန်းတော်ကြီးကျောင်းများ၌ သွားရောက်စစ်ဆေးပေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးပေးရာတွင် ကျိုင်းတုံမြို့နယ် ပန်ကြူကျေးရွာနှင့် ဝမ်နွဲ့ကျေးရွာများမှ သံဃာတော်များနှင့် ဒေသံပြည်သူ ၁၂၈ ဦးအား  (RDT)Test Kit ဖြင့်  ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးပေးရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅ ဦး တွေ့ရှိခဲ့၍  အတည်ပြူလူနာကုသဆောင်သို့ စနစ်တကျ ပို့ဆောင် ပေးခဲ့ကြောင်းသိရပြီး ကျန်ရှိသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးရွာများသို့ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း စက်တင်ဘာ ၁၅ ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၈၅၆ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၂၁၃၄ ဦး၊ သေဆုံးသူ ၅၃ ဦးနှင့် ဆေးကုသမှုခံယူဆဲ ၆၆၉ ဦးရှိပြီး တာဝန်ရှိသူများ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)