လောင်းလုံး စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့နံနက် ၈ နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်အထက် ဦးစားပေး အလိုက် လူမျိုး ဘာသာမရွေး ပထမအကြိမ်စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ် ဆေးထိုးနှံပေးရာတွင် စုရပ် (၃)နေရာဖြစ်သော လောင်းလုံးမြို့နယ်ခန်းမ၊ အ-မ-က (က)ရပ်ကွက်ကျောင်း၊ အ-ထ-က-သ ကျက်တော်ကျောင်းတို့တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၅၅)နှစ်နှင့်အထက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး မထိုးနှံရသေးသော အစိုးရဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် လောင်းလုံးမြို့နယ်အတွက် ဆေးအလုံးရေ(၁၁၀၂)လုံး ရရှိကြောင်း၊ လောင်းလုံး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်း ထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ရေးမှူး ဦးအောင်ထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲမင်းထွန်း၊ ရေဖြူတပ်နယ်မှ ဗိုလ်မှူးခန့်ကျော်ထွန်းနှင့် ဆေးတပ်ဖွဲ့င်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လောင်းလုံး (ပြန်/ဆက်)