ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရန်၊ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာ ကောင်းမွန် စေရန်နှင့်ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က အင်းစိန်မြို့နယ်၊ ပြည်လမ်း၊ ဂေါက်ကွင်းအနီးရှိ ရေမြောင်းအား ရှင်းလင်းခဲ့သည်။
အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင် သာယာရေး ပတ်ဝန်းကျင်သန့်ရှင်းရေးမှ(၁၀)ဦး၊ ရေစီးရေလာမှ(၅)ဦး၊ ပန်းဥယျာဉ်မှ(၅)ဦး၊ မြို့နယ် EO ရုံးမှ(၅)ဦး စုစုပေါင်း(၂၅)ဦး ရေမြောင်းအတွင်းရှိ မြောင်းချေးများ၊ ပိတ်ဆို့နေသော အမှိုက်များ ရှင်းခြင်း၊လမ်း ဝဲ/ယာ ခြုံနွယ်များ ရှင်းခြင်း၊ မြေပိုများ ရှင်းခြင်း အမှိုက်များကို စနစ်တကျ ရှင်းလင်းခဲ့ပြီး ထိန်ပင်အမှိုက်ကုန်းသို့ အမှိုက်သယ်ကားဖြင့် စနစ်တကျ ရှင်းလင်းပို့ဆောင်ခဲ့သည်။
ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် ရေကြီးမှုများ မဖြစ်ပေါ်စေရန်အတွက် အဓိကချောင်းများဖြစ်သော ဖော့ကန်ရပ်ကွက်ရှိ ရွာမချောင်း၊ ရွာမအရှေ့ ရပ်ကွက်ရှိ ပေါက်တောချောင်းနှင့် ကသွယ်ချောင်း စသည့် ချောင်းများနှင့်မြောင်း များကို မိုးရာသီကာလတွင် ရေးစီးရေလာ ကောင်းမွန်ရေးအတွက် ရှင်းလင်းခြင်းများနှင့် မြို့နယ် သန့်ရှင်း သာယာလှပစေရေး လုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဇွဲထက်ကို