ကော့သောင်း သြဂုတ် ၁၄
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းနှင့်အဖွဲ့များသည် ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်ကျေးရွာ လူဦးရေစာရင်းကောက်ယူရေးနှင့် မဲစာရင်းပြုစုရေးလုပ်ငန်းအဖွဲ့များနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဟံသာဝတီခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲအဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းညွန့်၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အားဆိုင်ရာရုံး ညွှန်ကြားရေးမှူး ဦးယဉ်ထွေးတို့သည် ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်ကျေးရွာ လူဦးရေစာရင်းကောက်ယူရေးနှင့် မဲစာရင်းပြုစုရေးလုပ်ငန်းအဖွဲ့များနှင့်တွေ့ဆုံခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်သင်းက မဲစာရင်းကောက်ယူရာတွင် အားနည်းချက်ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ခွဲဥက္ကဋ္ဌ များအနေဖြင့် မဲစာရင်းတွင် ဆန္ဒမဲပေးနိုင်သည့်သူများ မကျန်ရှိစေရေး၊ မှတ်ပုံတင်ရန်လိုအပ်သူများ မှတ်ပုံတင်အမြန်ပြုလုပ်ပေးနိုင်ရေး၊ မဲစာရင်းတိကျမှန်ကန်မှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာကော်မရှင်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက မဲစာရင်းများကောက်ယူရာတွင် အားနည်းချက်ဖြစ်ပေါ်ခဲ့သည့် အကြောင်းရင်းအား ပြန်လည်တင်ပြခဲ့ကြကြောင်း သိရသည်။
ဥမ္မာချို (ခရိုင် ပြန်/ဆက်)