ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၄) ရပ်ကွက်မှ အသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွား (၂၈၃) ဦးအား ယမန်နေ့မှစတင်ကာ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ဒေါပုံမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၂၈၃) ဦးအား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလများ အတွက် လူမှုရေးပင်စင် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၈၄၉၀၀၀၀) ကျပ်ကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများက ရပ်ကွက် (၁၄) ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ကနဦးလွှဲပြောင်း ပေးအပ်ခဲ့ကြသည်။
ထို့နောက် အဆိုပါ ထောက်ပံ့ငွေများအား ယမန်နေ့ ညနေပိုင်းမှစတင်၍ ရပ်ကွက်(၁၄) ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့များက အိမ်တိုင်ရာရောက် လိုက်လံပေးအပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်မာဝေ