မိုင်းယောင်း စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀ ဦး တွေ့ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ (၉)ဦးအား ဆေးရုံဆင်း ခွင့်ပြုခဲ့ရာ ယခုအခါ ဆေးရုံဆင်းသူပေါင်း ၂၀၇ ဦးအထိ ရှိလာကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုင်းယောင်းတွင် စက်တင်ဘာ ၁၅ ရက်က အမှတ်(၉)ရပ်ကွက်ရှိ Fever Clinic ၌ ကျန်းမာရေးလာရောက်ပြသသူ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၄ ဦးတို့အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမှတ်(၅)ရပ်ကွက်မှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ အမှတ်(၇)ရပ်ကွက်မှ အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦး၊ အမှတ်(၈)ရပ်ကွက်မှ အမျိုးသား တစ်ဦး၊ ဝမ်တပ်အုပ်စုနှင့် မုန်းလိုက်အုပ်စုတို့မှ အမျိုးသမီး တစ်ဦးစီတို့ထံတွင် Positive တွေ့ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ အတည်ပြုလူနာ ၃၁၃ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူ ၂၀၇ ဦး၊ နှစ်ဦး သေဆုံးပြီး လက်ရှိတွင် အတည်ပြုလူနာ ၁၀၄ ဦး ကျန်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)