ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်  စက်တင်ဘာ ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်  အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ  ဥက္ကဋ္ဌ ဦးညီညီအောင်က  အမှာစကား ပြောကြားရာတွင် ယခုအခါ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိရာ မိမိတို့ ရန်ကုန်တိုင်းအတွင်း စက်မှုဇုန် လုပ်သား ခုနစ်သိန်းတစ်သောင်းကျော်ရှိရာ အသက်အပိုင်းအခြားအလိုက် ဆေးထိုးနှံမည့်သူ ခြောက် သိန်းရှစ်သောင်းကျော်ရှိကြောင်း၊ မိမိတို၌ မြို့နယ်တွင်လည်း စက်မှုဇုန်များတွင် ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်း၊ ဆက်လက်၍ စက်မှုဇုန်ပြင်ပနှင့် စီးပွားရေးဖွံ့ဖြိုးမှု ဇုန်အတွင်းရှိ လက်ရှိ မြေပြင်တွင် ဆောင်ရွက်နေသော ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံများရှိ ဝန်ထမ်းများ၊ အလုပ်သမားများ လူစုလူဝေးဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများအားလုံး ကာကွယ်ဆေးအပြည့်အဝထိုးနှံနိုင်ရေးနှင့် အသက် (၅၅)နှစ်နှင့် (၆၄) နှစ်အတွင်းရှိသူများ ကာကွယ်ဆေးထိုးနှံရေးတို့အတွက် ဆေးထိုးစုရပ် ငါးနေရာခွဲ၍ ရပ်ကွက်အလိုက် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနှင့် မိမိတို့ ရုံးဌာနများတွင် လုံခြုံရေး သတိပြုဆောင်ရွက်သွားရန်တို့ကို အကျယ်တဝင့် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်သူမှ ဌာနဆိုင်ရာများမှ ပူးပေါင်းကူညီ ဆောင်ရွက်သွားရေးကို ဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲမှူးဇော်ညွန့်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့်မှ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များနှင့် သက်ဆိုင်ရာ ဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသီးသီး ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ