တနင်္သာရီမြို့ပေါ်ကျောင်းများရှိ သံဃာတော်နှင့် သီလရှင်များအား ကိုဗစ်-၁၉ရောဂါ (ရှိ/မရှိ) ဓာတ်ခွဲစစ်ဆေးပေး

 

တနင်္သာရီ စက်တင်ဘာလ ၁၆

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ အစီအမံဖြင့် မြို့ပေါ်ရပ်ကွက် များရှိ ဘုန်းတော်ကြီးကျောင်း (၅)ကျောင်းသို့ ကွင်းဆင်း၍ ဆရာတော်/သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင် သီလရှင်များကို ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဆရာမများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က RDT Test Kit ဖြင့် ဓာတ်ခွဲစစ်ဆေးပေးကြောင်း သိရှိရသည်။

မြို့ပေါ်ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိစာသင်တိုက်၊ ချောင်းငယ်ဘုန်းတော်ကြီးကျောင်း၊ သဘာဝ ဘိုးဘွားရိပ်သာ၊  ပြည်လုံး ချမ်းသာ ဝင်္ကဘာကျောင်းနှင့် လုံးခရမ်းကျောင်း စသည့် (၅) ကျောင်းမှ ဆရာတော်/သံဃာတော်/ရှင်သမဏေများ ပေါင်း (၆၉)ပါး၊ သီလရှင်(၁၀)ပါးနှင့် ဘုန်းတော်ကြီးကျောင်းများရှိ လူပုဂ္ဂိုလ်(၅၈)ဦး၊ စုစုပေါင်း(၁၃၇)ဦးအား RDT Test Kit ဖြင့် ဓာတ်ခွဲစစ်ဆေး ပေးရာ သံဃာ(၈)ပါးနှင့် လူ(၁)ဦး၊ ပေါင်း(၉)ဦးတွင် ရောဂါပိုး အတည်ပြုတွေ့ရှိရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်လူနာအဆောင်နှင့် (အထ) တနင်္သာရီ Positive Centre သို့ မြို့နယ်ကိုဗစ် ထိစပ် သံသယလူနာ သယ်ယူပို့ဆောင်ရေးအဖွဲ့ မော်တော်ယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ ရောဂါပိုးတွေ့ရှိ ထိစပ်ဆက်နွယ်သည့် ဘုန်းတော်ကြီးကျောင်းကို ရောဂါပိုးကူးစက် ပျံ့နှံ့မှုမှ ထိန်းချုပ် နိုင်ရန်အတွက် ကလိုရင်းပိုးသတ်ဆေးဖြန်းပေးခြင်းနှင့်အတူအသွားအလာ ကန့်သတ်၍ Quarantine (၁၄)ရက်တိတိ စောင့်ကြပ်ကြည့်ရှုမည်ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း