ဘုရားသုံးဆူမြို့၌ ကြက်ခြေနီတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများကို အသံချဲ့စက်များဖြင့် နှိုးဆော် ဆောင်ရွက်

 

ဘုရားသုံးဆူ စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊  ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာ ပေး နှိုးဆော်မှုများအား ပြည်သူများသိရှိနိုင်စေရန်အတွက် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိပြီး  ယနေ့ ညနေ ၄ နာရီ အချိန်၌  မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် ဘုရားသုံးဆူမြို့ ကြက်ခြေနီ တပ်ဖွဲ့မှ  အသံချဲ့စက်များဖြင့်  လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင်  ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီး ကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း နှင့် သွားလာခြင်း များကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား အသံချဲ့စက် ဖြင့် လိုက်လံနိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူ (ပြန်/ဆက်)