ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဒဂုံမြောက်  စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းကို အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၄၈) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းမပေါ်ရှိ အမှတ်(၄)အခြေခံ ပညာအထက် တန်းကျောင်းတို့တွင် စုရပ်များ သတ်မှတ်ပြီး မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီး ရွယ်အိုများနှင့် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ဆက်လက် ထိုးနှံပေးလျက် ရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပထမကြိမ်တွင် မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များနှင့် ဈေးများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းမှ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေး မကျန်ရှိစေရေးအတွက် ဦးစားပေး အစီအစဉ်အလိုက် ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၄ ရက်နေ့အထိ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၆၂၂၂  ဦးကို ထိုးနှံပေးပြီး ဖြစ်သည်။

ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက်ပေးပြီး ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စက်တင်ဘာလ ၁၄ ရက်နေ့အထိ ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံပြီးသူ အသက် ၆၅နှစ်နှင့် အထက်ဘိုးဘွား(၃၈၀၅)ဦး၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း (၅၃၉)ဦး၊ Volunteer (၂၀၀)ဦး၊ သံဃာတော်၊ သီလရှင်(၇၉)ပါး၊ နိုင်ငံ့ဝန်ထမ်း (၂၅၉)ဦး၊ အချုပ်သား (၁၆)ဦး စုစုပေါင်း (၄၈၉၈)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ