ကျောက်တန်း စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်စေရေးတို့အတွက် သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်များ ရှင်းလင်းခြင်းနှင့် ရေမြောင်းများ ရှင်းလင်းခြင်းတို့ကို ယမန်နေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် လမ်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်တင်မိုးရွှေ ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပန်းဥယျာဉ်အဖွဲ့၊ ရေစီးရေလာ ကောင်းမွန်ရေးအဖွဲ့၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအဖွဲ့တို့ ပူးပေါင်းကာ မြို့တွင်း လမ်းဘေးဝဲယာရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်းနှင့် ရေမြောင်းများအတွင်းရှိ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းများကို ရပ်ကွက်အလိုက် အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ စည်ပင်သာယာရေး အဖွဲ့အနေနဲ့ မြို့တွင်းရှိရေမြောင်းများ ရေစီးရေလာကောင်းပြီး မိုးတွင်းမှာ ရေလျှံမှုတွေ မဖြစ်ပေါ်အောင် ရေမြောင်းအတွင်းက အမှိုက်တွေ၊ နွံတွေကို ဆယ်ကြတယ်၊ သစ်ပင်တွေ သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းတယ်၊ လမ်းဘေးဝဲယာမှရှိနေတဲ့ ချုံနွယ်တွေ ရှင်းလင်းခြင်းတွေကို နေ့စဉ်ဆောင်ရွက်နေကြပါတယ်၊ လူအင်အားနဲ့အဆင်မပြေတဲ့နေရာတွေဆို မြက်ဖြတ်စက်တွေနဲ့ပါ ရှင်းလင်းခဲ့ကြရပါတယ်၊ အဓိက ကတော့ မြို့သန့်ရှင်း သာယာရေးနဲ့ ချုံနွယ်တွေရှိတော့ ခြင်တွေ ခိုအောင်ပြီး မိုးတွင်းကာလဆိုတော့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးမှု မရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ ဆက်ပြီးလည်း ရှင်းလင်းခြင်းတွေ ဆောင်ရွက်မှာပါ” ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြို့နယ် ပြန်/ဆက်