ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး မြို့နယ်အတွင်းနှင့် နီးစပ်ရာမြို့နယ်များမှ မိဘပြည်သူများအား ရောဂါပိုးရှိမရှိ နေ့စဉ်အခမဲ့စစ်ဆေးပေး

ဒဂုံတောင် စက်တင်ဘာ ၁၅

ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်အတွင်းနှင့် နီးစပ်ရာမြို့နယ်များရှိ ကိုဗစ်-၁၉ရောဂါ သံသယရှိသူပြည်သူများ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ နေ့စဉ်အခမဲ့ စစ်ဆေးပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်မြင့်မိုရ်အိမ်ရာဓမ္မာရုံရှိ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ရောဂါ ရှာဖွေရေးဌာနတွင် မြို့နယ်နယ်ဆရာဝန်ကြီးနှင့် အောင်မြင့်မိုရ် ကုသရေးစင်တာမှ ဆရာဝန်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်ကလည်း အောက်မြင့်မိုရ်ကုသရေးစင်တာမှ ဒေါက်တာသူဇာအောင်ဦးစီးအဖွဲ့မှ မြို့နယ်အတွင်းနှင့် နီးစပ်ရာမြို့နယ်များမှ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ ပြည်သူ ကျား(၇)ဦး၊ မ(၂)ဦး၊ စုစုပေါင်း (၉)ဦးအား စစ်ဆေးရာ အဆိုပါ (၉)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါရှာဖွေရေးဌာနတွင် ​ရောဂါပိုး စစ်ဆေးပေးခဲ့သူ ပြည်သူ(၃၁၇)ဦးရှိပြီဖြစ်ကြောင်းနှင့် လာရောက် စစ်ဆေးသူများအနက် Positive အဖြေထွက်သူများ အအနေဖြင့် ကုသရေးစင်တာတွင် တက်ရောက်ကုသရမည်ဖြစ်ပါသဖြင့် တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် မှတ်ပုံတင်(သို့မဟုတ်) သက်သေခံကတ် တစ်ခုခုယူဆောင်လာရမည် ဖြစ်​ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)