မိုးညှင်းမြို့၌ တိုက်ပွဲရှောင်စခန်းမှ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအားထောက်ပံ့ ရေးပစ္စည်းများ လာရောက်ပေးအပ်

 

မိုးညှင်း   စက်တင်ဘာ   ၁၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အောင်သပြေရပ်ကွက် စိန်ပက်ထရိတ်ဘုရားကျောင်းရှိ တိုက်ပွဲရှောင်စခန်းမှ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား ယနေ့ နံနက် (၁၁)နာရီက ထောက်ပံ့ ရေးပစ္စည်းများ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စုဝင်များအား ရွှေ့ပြောင်းနေထိုင်ရန်အတွက် နိုင်ငံတော် အစိုးရ၏ ကြီးကြပ်မှုဖြင့် UNHCR အပါအဝင်၊ သက်ဆိုင်ရာအသင်းတော်နှင့် အလှူရှင်များ၏ပံ့ပိုး ကူညီမှုဖြင့် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်၊ အပိုင်း(၃)ရှိ GTC ကျောင်း အနောက်ဘက် ခြမ်းတွင်ဆောက်လုပ်ပေးခဲ့သည့် လုံးချင်းနေအိမ်(၁၀)လုံးတို့ကို သြဂုတ်လ(၂၅)ရက်နေ့တွင် အဆိုပါအိမ်ထောင်စုဝင်များအား ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများ လာရောက်ပေးအပ်ရာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အားပေးစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာဝန်ခံဦးသက်နိုင်ဝင်းက ထောက်ပံ့ရေးပစ္စည်းများ လာရောက်ထောက်ပံ့ပေးအပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရာတွင် တိုက်ပွဲရှောင်စခန်းမှ ပြောင်းရွှေ့နေထိုင်ခဲ့သည့် အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၅၂)ဦးတို့ အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၀)သိန်း၊ ဆန်(၁၆)အိတ် (၆)ပြည်၊ ဆီ(၂၀)ပိဿာ၊ ဆား(၁၀)ပိဿာနှင့် ကုလားပဲ(၂၀)ပိဿာ စုစုပေါင်းတန်ဖိုးငွေကျပ် တစ်ဆယ့်ခြောက်သိန်း ငါးသောင်း ငါးရာ၊ Family Kit ပစ္စည်း(၂၁)မျိုးပါ (၁၀)ပုံးနှင့် Hygiene Kit-E(၁၀)ဖာ စသည်တို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ဘေး/ စီဌာနမှ ခရိုင်တာဝန်ခံတို့က အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု(၁၀)စုမှ လက်ခံရယူကြပြီး အိမ်ထောင်စုဝင်များ အားလုံး ကိုယ်စားစခန်းတာဝန်ခံ ဒေါ်ဒွဲနန်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)