မိုင်းဖြတ်၌ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

မိုင်းဖြတ်   စက်တင်ဘာ   ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ  ဦးညီညီအောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု နေ့စဉ်တိုးမြှင့်နေသဖြင့် positive Centre ရှိ အတည်ပြု လူနာများ ဝင်ထွက်သွားလာ ထိတွေ့ခြင်းမရှိစေရေး၊ positive Centre အတွင်း တာဝန်မှအပ မည်သူမျှ ဝင်ထွက်သွားလာခြင်း မရှိစေရေး၊ ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းမရှိစေရေး၊ ဒေသန္တရထုတ်ပြန်ချက်များကို အလေးထားလိုက်နာ ဆောင်ရွက် နိုင်ရေး၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ဦးစားပေး အလိုက် ဆက်လက်ထိုးနှံရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် အသိပေး နှိုးဆော်ရေး တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးလုပ်ငန်းကို တတိယအကြိမ်အထိ ဦးစားပေး အလိုက် လူဦးရေ(၆၄၈၃)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ဆက်လက်ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဆေးထိုးစုရပ်များကို တိုးချဲ့ကာ စက်တင်ဘာ ၁၇ရက်နေ့မှစ၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်  ဦးစားပေးအလိုက် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါ (ကူးစက် မှုမရှိသော) သူများကို စုရပ်(၁၉) နေရာတို့တွင် သက်မှတ်ရက်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး