ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် စနစ်တကျရှိစေရေး မြို့နယ် ကိုဗစ်ကော်မတီဝင်များနှင့် ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဒဂုံတောင် စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ စနစ်တကျရှိစေရေးအတွက် မြို့နယ်ကိုဗစ်ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁၄:၀၀)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဦးစားပေးအုပ်စု (၁၂)စုတွင်  ထပ်တိုးစာရင်းများ ပြုလုပ်၍ ဆေးထိုးရန် ကျန်ရှိသူများအား မကျန်ရှိစေရေး စနစ်တကျ လုပ်ဆောင် ရမည်ဖြစ်ပြီး မသန်စွမ်းသူများကိုလည်း ဆေးထိုးပေးရာတွင် စနစ်တကျရှိစေရေး စာရင်းကောက်ယူထားကြောင်း သိရသည်။

ထို့သို့ ကာကွယ်ဆေးထိုးရာတွင်လည်း ကာကွယ်ဆေးထိုးသည့် နေရာများထပ်တိုး၍ မြန်မြန်ဆန်ဆန် ပြီးစီးနိုင်စေရေး  ကျန်းမာရေးဌာန အနေဖြင့် ဆောင်ရွက်ပေးနေရသလို မြို့နယ် ကိုဗစ်ကော်မတီမှလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးသူများ အန္တရာယ်ကင်းရှင်းရေး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှလည်း တာဝန်ယူ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ထို့နောက် ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကိုလည်း တာဝန်ရှိသူများက မှန်ကန်တိကျသော စာရင်းကောက်ယူ၍ ဆက်လက် ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီး မြို့နယ်အတွင်း မြေပြင်အခြေအနေများအား အပြန်အလှန်ဆွေးနွေးတင်ပြ၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သက်မင်းဟန်