မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၈ ဦး ထပ်မံစစ်ဆေးတွေ့ရှိ၊ ရောဂါအတည်ပြု လူနာပေါင်း ၁၅၀ ဦးထိရှိလာပြီဖြစ်

မိုးနဲ    စက်တင်ဘာ   ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင်ယမန်နေ့ည ပိုင်းအချိန်က တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဓာတ်ခွဲခန်း၏အဖြေအရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၈ ဦး ထပ်မံစစ်‌ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာပေါင်း ၁၅၀ ဦးထိရှိလာပြီဖြစ်ကြောင်းသိရှိရသည်။

မိုးနဲမြို့ (အထက)ကျောင်း Quarantine Center ဝင်ရောက်‌နေသူ စုစု‌ပေါင်း  ၄၉ ဦးတို့၏ နှာခေါင်း/ အာခေါင်တို့ဖတ်  နမူနာများကို တောင်ကြီးမြို့  ပြည်သူ့ကျန်းမာ‌ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန သို့လည်းကောင်း ပေးပို့စစ်ဆေးခဲ့ရာ စက်တင်ဘာလ ၁၄ ရက် နေ့ညဓာတ်ခွဲခန်း၏ထုတ်ပြန်ချက် အဖြေအရ နမ့်စန်၊ လောက်ကိုင်၊ လားရှိုး၊ အိမ်မဲ၊ သာစည်၊ တာချီလိတ် မြို့နယ် တို့မှပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၄ ဦး နှင့်အမျိုးသမီး ၄ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ထိတွေ့မှုရှိသူ ၄ ဦးတို့အား ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက (RDT) Test Kit ဖြင့် ယနေ့နံနက်ပိုင်းက စစ်ဆေးခဲ့ရာ  ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရသည်။

အဆိုပါ အတည်ပြုလူနာ ၈ ဦးကို မိုးနဲမြို့ ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်သို့ ဆေးရုံ AMBULANCE ယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ပြီး ယနေ့အထိ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာပေါင်း ၁၅၀ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၂၈ ဦး၊ သေဆုံးသူ နှစ်ဦးနှင့် ကုသဆဲ ၂၀ ဦးကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)