ပြင်ဦးလွင် စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ယနေ့မွန်းလွဲ (၁) နာရီမှ စတင်ပြီး ရပ်ကွက်ကြီး (၂) ရှိ သံဃသာမဂ္ဂီမဟာပဝါရဏာ သိမ်တော်ကြီး၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် မထိုးနှံရသေးသည့် ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား ကာကွယ်ဆေးထိုး စုရပ်အဖြစ်သတ်မှတ်ပြီး အပူချိန်တိုင်းတာခြင်း၊ စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း အစရှိသည့် ကျန်းမာရေးညွှန်ကြားချက်များအတိုင်း တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းကာ ရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း(၃၃၇) ပါးတို့အား ဆက်လက်ထိုးနှံပေးလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)