ငါ့သရောက်-ညောင်ဦး ကတ္တရာခင်းခြင်းလုပ်ငန်းခွင်သို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ကွင်ဆင်းစစ်ဆေး

ညောင်ဦး  စက်တင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့သို့ ဆက်သွယ်ဖောက်လုပ် ထားသည့် ကတ္တရာခင်းခြင်းလုပ်ငန်းကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှု အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီတွင် ကတ္တရာခင်းခြင်း လုပ်ငန်းများကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငါ့သရောက်-ညောင်ဦးလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည် (၄.၇)ကီလိုမီတာ ကတ္တရာခင်းခြင်းလုပ်ငန်းအား လင်းလက်ပြည့်စုံအောင် ကုမ္ပဏီမှ ငွေကျပ်(၃၅၈.၅၂)သန်းဖြင့် တင်ဒါအောင်မြင်ပြီး ကတ္တရာခင်းခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးမြို့နယ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးတင်မျိုးထွန်းတို့မှ သတ်မှတ်အရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလပြီးစီးရေးတို့ကို မှာကြားပြီး လင်းလက်ပြည့်စုံအောင် ကုမ္ပဏီတာဝန်ရှိသူများက  ညောင်ဦး-ငါ့သရောက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။

ငါ့သရောက်-ညောင်ဦးလမ်း၊ ကတ္တရာခင်းခြင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထိ (၁၁.၂၈၅)ကီလိုမီတာ၊ ၇ မိုင် ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ကတ္တရာခင်းခြင်း ဆောင်ရွက်ရန် (၃.၃၇၆)ကီလိုမီတာ ၂/၁မိုင်သာ ကျန်ရှိတော့ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးတင်မျိုးထွန်း (ဦးစီးအရာရှိ-မြို့ပြ)က ပြောသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငါ့သရောက်-ညောင်ဦးလမ်း၊ လမ်းအရှည် (၄.၇)ကီလိုမီ တာဆောင်ရွက်ခြင်းလုပ်ငန်းသည်လည်း ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကိုထိန်၊ KPD