မုံးကိုး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့အတွင်းကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်ပြည်သူများက လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းအား ယနေ့နံနက်(၁၀)နာရီအချိန်ကရပ်ကွက်များအတွင်းအသိပညာပေး နှိုးဆော်ခြင်းကိုဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် မူဆယ်ခရိုင်၊ မုံးကိုးမြို့အတွင်း ၂၀၂၁ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့မှ စတင်ပြီးကိုဗစ်ရောဂါပိုးတွေ့လူနာများ ဆေးရုံတက်ရောက်ကုသခြင်း၊ သေဆုံးခြင်းများရှိလာသဖြင့်ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုမဖြစ်ပေါစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်ခွါလျှင် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ အိမ်သို့ ပြန်ရောက်တိုင်းလက်ကို စနစ်တကျဆေးခြင်းတို့ကို ဆောင်ရွက်ကြရန်၊ ထို့ပြင်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲခြင်းနှင့် အားအင်ကုန်ခမ်းခြင်းစသည့် လက္ခဏာများဖြစ်ပွားလာပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးလာရောက်ဆက်သွယ်ပြသကြရန် လိုအပ်ကြောင်းအသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် စည်ပင်သာယာဈေး၊ လမ်းဆုံလမ်းခွများတွင်ဆော်ဪခြင်းကို ဆောင်ရွက်သည်။ အဆိုပါအသံချဲ့စက်နှင့် ဆော်ဪရေးကိုမုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့အတွင်းလှည့်လည် ဆော်ဪကြောင်း သိရှိရသည်။
သန်းဇော်ဦး(မုံးကိုး)