မိုးကောင်း စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြန်ကြကားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နယ်တွင်းမှ ကိုဗစ်-၁၉ရောဂါ ပျောက်ကင်းသူနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူးဒေါ်နီနီလွင်က ရောဂါပိုးကူးစက်ခံရသည့်အချိန်နှင့် ခံစားရမှု၊ သိရှိပြီးနေထိုင်ဆောင်ရွက်မှု၊ ကူးစက်ခံ စားရချိန်နေထိုင်စားသောက်မှု၊ ကိုဗစ်Centre မှပြန်လာပြီးနေအိမ်တွင် နေထိုင်မှုပုံစံ၊ ကိုဗစ်ရောဂါပိုးပျောက်ကင်းသွားပြီးနောက် ဆက်လက်ခံ စားရမှုများကိုမေးမြန်းခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရပြီး ပြန်လည်ပျောက်ကင်းသူ မိုးကောင်းမြို့အရှေ့ရပ်ကွက်မှ ဦးမင်းကိုလေးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးခြင်း၌ “ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်မှုကို ဇူလိုင်လ(၁၆)ရက် (၁၇)ရက်နေ့တွေမှာ သိရှိခဲ့ရတာပေါ့နော်။ ဘယ်လိုစ ဖြစ်သလဲဆိုတော့ အရသာအရင်ပျောက်ခဲ့တာဗျ။ ထမင်းစားတဲ့အခါလည်း နဂိုအရသာမရှိတော့ဘူး။ နောက်တဖြည်းဖြည်းနဲ့ အနံ့ပါပျောက် လာတာ။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကိုဗစ်ပိုးကူးစက်နေပြီလို့ သံသယရှိလာတာပေါ့နော်။ မိသားစုတွေနဲ့ အဲ့အချိန်မှာ ခပ်ခွာခွာနေ ခဲ့ပါတယ်။” ဟု ဦးမင်းကိုလေးက ဆွေးနွေးဖြေကြား ခဲ့သည်။
ဇူလိုင်လ ၂၁ ရက်နေ့တွင် ကိုယ်တိုင်သွားရောက်၍ မိုးကောင်းပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ positive ထွက်ခဲ့သည့်အတွက် မိုးကောင်းမြို့ ၃၈၂ ခြေလျှင်တပ်ရင်း၌ဖွင့်လှစ်ထားရှိသော Positive Centre တွင်ကိုယ်တိုင်ပဲ ဝင်ရောက်ခဲ့ကြောင်း၊ မိသားစုရဲ့ ရောဂါပိုးအန္တရာယ်လျှော့ချပြီး အသွားအလာထိန်းချုပ်ခဲ့ကြောင်း၊ ၎င်း၏နေအိမ်ကိုလည်း Lockdown ချခံခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီဆိုလျှင် အိပ်ရေးဝဝအိပ်ရန်၊ အာဟာရရှိတဲ့ အစားအစာများစားသုံးရန်အဓိကဖြစ်ကြောင်း၊ အနံ့အရသာပျောက်ထားသည့်အတွက် စားချင်စိတ်လုံးဝမရှိသော်လည်း ကိုဗစ်လူနာဟု သတ်မှတ်သည်ဆိုသောကြောင့် မည်သို့ပင် ဆိုစေကာမူ စားခြင်း၊ အိပ်ခြင်း၊ Centre ကပေးသည့် ဆေးဝါးများ မှန်မှန်သောက်ခြင်းပြီး အားရှိမည့်အစာအာဟာရများ ဖြစ်အောင်စားရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ဆွေးနွေး ပြောကြားခဲ့သည်။
အလားတူ ဆွေးနွေးပွဲများ၊ အသိပညာပေး Talk Show များကို ကိုဗစ်ကာလအတွင်း မြို့နယ် အဆင့်ဌာနဆိုင်ရာမှ တတ်သိပညာရှင်များ၊ ပြည်သူလူထုများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး မိုးကောင်းမြို့နယ် We Love Mogaung Face Book Page တွင် အပတ်စဉ်တင်ဆက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)