ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ဟားခါး                   စက်တင်ဘာ             ၁၅

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ကိုဗစ်−၁၉ ရောဂါ သံသယဖြစ်နေသူများ မိမိအိမ်တွင် ဆေးမြီးတိုများဖြင့် ကုသခြင်းမပြုဘဲ ဆေးရုံများနှင့် ကိုဗစ်−၁၉ ရောဂါ ကုသရေးစင်တာများသို့ သွားရောက်၍ ဆေးစစ်မှု၊ ဆေးကုသမှုခံယူရန် အထူး လိုအပ်ကြောင်း ၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူစာရင်းများ စာရင်းဇယားရေးသွင်းရာတွင် အမှားအယွင်း မရှိစေရေး စနစ်တကျစိစစ်ရန်လိုကြောင်း ၊ ထပ်မံရောက်ရှိလာမည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ သက်ဆိုင်ရာ မြို့နယ်များသို့ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်နိုင်ရေးနှင့် သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ရာနှုန်းပြည့်ထိုးနှံနိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မြို့နယ်အလိုက် သတ်မှတ်အုပ်စုများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံရေးဆောင်ရွက်မည့်အစီအမံများ ၊ ကိုဗစ်−၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မှု ၊ အောက်ဆီဂျင်ရရှိ ၊ သုံးစွဲမှု၊ ကိုဗစ်−၁၉ ရန်ပုံငွေရရှိ သုံးစွဲမှုအခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် ၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း ၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း တို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

         

မောင်တက်လမ်း