လယ်တောင်ယာရွာ၌ (Lock Down)ချထားသော မိသားစုများအား ဆန်နှင့် စားရိက္ခာများသွား ရောက် ထောက်ပံ့ ပေးအပ်

 

တနင်္သာရီ စက်တင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန် ချက်အရ တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ အစီအမံဖြင့် ဆင်ခြေဖုန်း ကျေးရွာအုပ်စု-လယ်တောင်ယာကျေးရွာအတွင်း ကိုဗစ်ရောဂါ ပိုးတွေ့ရှိမှုများပြီး (Lock Down) ချထားသော နေအိမ် (၂၉)လုံးမှ မိသားစုဝင်များအတွက် အသွားအလာ ကန့်သတ်ထား ရှိစဉ်ကာလအတွင်း အစားအသောက် အဆင်ပြေစေရေးအတွက် ဆန်နှင့် စားရိက္ခာများကို ပူးပေါင်းအဖွဲ့များက ယနေ့ နံက်၁၀နာရီအချိန်မှစ၍ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ (Lock Down) ချထားသောနေအိမ်(၂၉)လုံးအတွက် တစ်အိမ်လျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား (တစ်)ဗူး၊ ကြက်ဥ(၁၀)လုံးစီနှင့်ဆား(၅၀)ကျပ်သား (တစ်)ထုပ်၊ ဖယောင်း တိုင်ကြီး(တစ်)ထုပ်စီတို့အား နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေးပြီး၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်များအတိုင်း တိကျစွာ လိုက်နာနေထိုင်ပေးကြ ပါရန် အသိပေး မှာကြားခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ထောက်ပံ့ပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး‌ကော်မတီ အတွင်းရေးမှူး ဦးမင်းသန်းထိုက်စိုးမှ ဦးဆောင်ကြီးကြပ်ပြီး  မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့် ကော်မတီ ဝင်များ၊  မြို့နယ်ကြက်‌ခြေနီသူနာပြု တပ်ဖွဲ့ဒုတပ်ခွဲမှူး အောင်ကျော်ကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ဆင်ခြေဖုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူငယ်များ ပူးပေါင်း လျက် (Lock Down)ချထားသော နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေးကြောင်း သိရှိရသည်။

အဆိုပါ လယ်တောင်ယာကျေးရွာအတွင်း စက်တင်ဘာလ(၁၃)ရက်က RDT Test-Kit ဖြင့် ကိုဗစ်ရောဂါပိုးစစ်ဆေးပေးစဉ် ရောဂါပိုး (၄၅)ဦးအတည်ပြုတွေ့ရှိ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါဆိုင်ရာထုတ်ပြန်ချက်များနှင့်အညီ ၎င်းတို့နှင့်ထိစပ်သည့်မိသားစုဝင်များ၏ နေအိမ် (၂၉)လုံးကို (Lock Down) ချထား၍ ရောဂါပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရန် (၁၄)ရက်အကြာ အသွားအလာကန့် သတ် စောင့်ကြပ်ထားကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း