သရက်ချောင်း စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို တာဝန်ရှိ သူများက အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုခံခဲ့ရသော်လည်း ကာကွယ်ဆေး ထိုးနှံထားသည့်အတွက် ပြန်လည် ကောင်းမွန်လာသူ ဒေါ်ယဉ်လတ်၏ ရင်တွင်းစကားသံများကို ယခုလို ဖော်ပြ လိုက်ပါသည်။
ဒေါ်ယဉ်လတ် (မြို့မရပ်ကွက် ၊ သရက်ချောင်းမြို့နယ်)
ကျွန်မကတော့ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်၊ နှင်းဆီလမ်းသွယ်မှာ နေထိုင်တဲ့ ဒေါ်ယဉ်လတ်ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ် ထိုးထားပြီးပါပြီ။ ကျွန်မ ဩဂုတ်လ(၅)ရက်နေ့ညမှာ စဖျားလာတယ်။ မနက်ရောက်တော့ ကောင်းသွားပါတယ်။ ဆေးခန်းသွားပြတယ် (၃) ရက်စာ ဆေးပေးလိုက်တယ်။ ရောဂါ ဆိုးဆိုးရွားရွားတော့ မဖြစ်ဘူး။ နှာခေါင်းပိတ်တယ်။ သွားတိုက်မှ စသိတယ် အနံ့လည်း မရတော့ပါဘူး။ ရှူဆေးတွေလည်းရှူတယ် ဒါလည်းအနံ့မရဘူး။ အနံ့ရအောင် နည်းမျိုးစုံနဲ့ လုပ်ကြည့်သေး တယ်။ ဒါနဲ့ ကိုယ့်ကိုယ်ကိုလည်း သံသယဖြစ် လာတာနဲ့ ဆေးရုံသွားပြတယ်။ ဆေးစစ်ခံတဲ့အခါမှာတော့ Positive ဖြစ်နေတာ သိလိုက်ရတယ်။ ဒါနဲ့ ကိုဗစ်စင်တာ သွားပြီးတော့ ဆေးကုသမှုခံယူတယ်။ ဆရာမတွေက ဆေးတွေပေးတယ်။ အရေးပေါ် လိုအပ်ရင် ခေါ်ဖို့ဖုန်းနံပါတ် တွေလည်းပေးထားတယ်။ ဆရာ/ဆရာမတွေကလည်း ခဏခဏ လာကြည့်ပေးတယ်။ ကိုယ့်ရောဂါသက်သာအောင် ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး လေ့ကျင့်ခန်းလုပ်တယ်။ ကိုယ်ခံအားကောင်းအောင် နေတယ်။ အိပ်ရေး ဝအောင်အိပ်တယ်။ အားရှိစေတဲ့ အစားအစာတွေ များများစားတယ်။ အစားအသောက် တွေကိုလည်း နေ့လယ်စာနဲ့ ညနေစာကို အလှူရှင်တွေက နေ့တိုင်း စင်တာကို လာပို့ပေးတယ်။ နေ့လယ်(၁)နာရီဆို အဟာရတစ်မျိုးမျိုး ပုံမှန်လာ ကျွေးသေးတယ်။ ကိုဗစ်စင်တာအတွင်းမှာလည်း တစ်ဦးနဲ့တစ်ဦး အကူညီပေးကြတယ်။ ကျွန်မထင် တာတော့ဆေး ထိုးထားလို့ ရောဂါမဆိုးဝါးတာလို့ ထင်တယ်။ ကျွန်မပြောချင်တာကတော့ ကာကွယ်ဆေးထိုးဖို့၊ အိပ်ရေးဝအောင် အိပ်ပြီး အားရှိတဲ့ အစားအစာတွေ စားဖို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာ နေထိုင်ရင်း ကိုဗစ်-၁၉ကို ကြောက်စရာမလိုကြောင်း ဒေါ်ယဉ်လတ် ကပြောကြားထားပါ သည်။
သရက်ချောင်း (ပြန်/ဆက်)