ဇေယျာသီရိ စက်တင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်သည့် အသိပညာများရရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေးအတွက် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကို စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းမှစတင်ကာပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီ နှင့် ဝန်ထမ်းများက ဇေယျာသီရိမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံ ရေးစင်တာတွင် လာရောက်ဆေးထိုးနှံ ကြသည့်ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ လူစည်ကားရာနေရာများတွင် ရောဂါအသိပညာပေး ပိုစတာများ ကပ်ခြင်းဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဝန်ထမ်းနေအိမ်အခန်းများ၊ အဆောင်များတွင် လိုက်နာရန်နှင့် အချင်းချင်းအသိပေး/ သတိပေးပြောကြားရမည့်အချက်များ ပါဝင်ပြီး နေပြည်တော်ကျန်းမာရေး ဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်နှင့် ပိုစတာများဖြစ်ကြောင်း သိရသည်။
အေးလင်းထွန်း