နမ့်ခမ်း စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ရောဂါ ကာကွယ်ရေးလုပ်ငန်း နေ့စဉ်မပျက် ဆောင်ရွက်လျက်ရှိရာ မူဆယ်မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်နှင့် သာယာကုန်း ရပ်ကွက်ရှိ တိုက်ပွဲရှောင် (IDPs) စခန်းများသို့ ကိုးဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ချက်များ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် တိုက်ပွဲရှောင်(IDPs) စခန်းများအနေနှင့်လည်း အိမ်ထောင်စုများ စုဝေးနေထိုင်သည့် နေရာများဖြစ်သည့်အတွက် စခန်းအတွင်းမှ နေထိုင်သည့် ပြည်သူများအား ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ စခန်းများတွင် ရောဂါကူးစက်မှု မရှိစေရေးကို လိုက်နာရန် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပေးနှိုးဆော် ချက်များ နံရံကပ်နှံပေးထားခြင်းနှင့် အသိပေးဆော်ဩခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို မူဆယ်မြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးသီဟဇော်နှင့် နမ့်ခမ်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ် ဦးစီးမှူး ဦးညီမောင်ဘဦးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)