ပျော်ဘွယ် စက်တင်ဘာ ၁၅
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျှော့ချနိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှဦးဆောင်၍ အသံချဲ့စက်၊ လက်ကမ်းစာစောင် စသည့် အသိပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်လျက် ရှိသလို ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူများတွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်။
သီလရှင်ဆရာလေး ဒေါ်ဇင်မာစိုး
ခင်ကြီးယကျေးရွာ၊ ပျော်ဘွယ်မြို့နယ်
ဆရာလေးကတော့ ကန်သာအုပ်စု၊ ခင်ကြီးယကျေးရွာမှာနေထိုင်တဲ့ ဒေါ်ဇင်မာစိုး ဖြစ်ပါတယ်။ သီလရှင် ဝတ်တာကတော့ သိပ်မကြာသေးပါဘူး၊ လွန်ခဲ့တဲ့တစ်လခန့်က လူပုဂ္ဂိုလ်အနေနဲ့ရှိနေချိန်မှာ မမျှော်လင့်ဘဲ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရပါတယ်၊ ဒါကြောင့် ဆရာလေးတို့နယ်ဘက်မှာရှိတဲ့ တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ ပါတယ်၊ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေကိုအလေးထား လိုက်နာ ဆောင်ရွက်ပါတယ်၊ အိပ်စက်ရအောင် အိပ်ပါတယ်၊ အာဟာရပြည့်ဝအောင်စားပါတယ်၊ ညွှန်ကြားချက် တွေကို အလေးထားလိုက်နာတော့ ကိုဗစ်-၁၉ ရောဂါ အမြန်ဆုံးပျောက်ကင်းခဲ့ပါတယ်။ ဆေးရုံကဆင်းပြီး မကြာခင်မှာဘဲ သာသနာ့ဘောင်သို့ ခေတ္တဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ မိဘပြည်သူများအနေဖြင့် မည်သူမဆို ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှကာကွယ်နိုင်အောင် ကာကွယ် ဆေးကို (၂)ကြိမ်စလုံး အပြည့်အဝ ထိုးနှံကြပါလို့တိုက်တွန်းအပ်ပါတယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ်။
ဒေါ်ခင်မာဌေး
ခင်ကြီးယကျေးရွာ၊ ပျော်ဘွယ်မြို့နယ်
ကျွန်မကတော့ ကန်သာကျေးရွာအုပ်စု၊ ခင်ကြီးယကျေးရွာမှာနေထိုင်တဲ့ မခင်မာဌေး ဖြစ်ပါတယ်၊ ကျွန်မက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံတဲ့အချိန်မှာ ကိုယ်ဝန် နေ့စေ့လစေ့ဖြစ်နေလို့ ထိုးခွင့်မရခဲ့ပါဘူး၊ အဲဒိအချိန်မှာ မမျှော်လင့်ဘဲ ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်၊ ရောဂါပိုးတွေ့ရှိတာနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အိုးအိမ် ကိုဗစ် ကုသရေးစင်တာမှာ နေထိုင်စေခဲ့ပါတယ်၊ ကုသရေးစင်တာ ရောက်ရှိချိန်မှာ အောက်ဆီဂျင်လည်း ကျဆင်းနေပါတယ်၊ အသက်ရှုရမွန်းကြပ်နေပါတယ်၊ ကုသရေးစင်တာမှာ ကျန်းမာရေးဝန်ထမ်းများရဲ့ လမ်းညွှန်မှုအတိုင်း(၁၀)ရက်ကြာ နေထိုင်ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာလို့ အိမ်ပြန်ခွင့်ရရှိခဲ့ပါတယ်၊ အိမ်ပြန်ရောက်ပြီး (၄)ရက်အကြာမှာ ကလေးမီးဖွားခဲ့ ပါတယ်၊ ယခုအချိန်အထိ ကလေးရော လူကြီးပါ ကျန်းမာရေးကောင်းမွန်လျက်ရှိပါတယ်၊ ယနေ့ အချိန်ဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနေတဲ့ကာလလည်း ဖြစ်တာကြောင့် ပြည်သူများအနေနဲ့ ရောဂါ ကာကွယ်နိုင်အောင် မည်သူမဆို ကာကွယ်ဆေးထိုးနှံကြပါလို့ တိုက်တွန်းလိုပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်။
မင်းမင်းထွေး(ပျော်ဘွယ်)