ငါန်းဇွန်မြို့၌ အိမ်ရှင်နှင့် အိမ်ငှားနေထိုင်သူများသို့ အသံချဲ့စက်ဖြင့် အသိပေးကြေညာ

ငါန်းဇွန်   စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း အိမ်ရှင်နှင့်အိမ်ငှားနေထိုင်သူများ သို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့အသိပေးကြေညာရာတွင် “နိုင်ငံတစ်ဝှမ်းဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ထိုသို့လုပ်ဆောင်ရာတွင် တိမ်းရှောင်၊ ပုန်းခိုနေထိုင်ရန် အတွက် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသုံးစွဲခဲ့ကြပြီး အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိရပြီး ပြစ်မှုကျူးလွန်သူများသည် အကြမ်းဖက်မှုများ ကျူးလွန်နိုင်ရန်အတွက် ကြိုတင် ကြံစည်၍ နေအိမ်၊ တိုက်ခန်းများကို ကာလတိုငှားရမ်းနေထိုင်ခဲ့ကြောင်း စုံစမ်းဖော်ထုတ်သိရှိရသည့်အတွက် နေအိမ်၊ တိုက်ခန်းများ ငှားရမ်းသူအိမ်ရှင်များအနေဖြင့်လည်း မိမိတို့၏ နေအိမ်၊ တိုက်ခန်းများအား ငှားရမ်းမည်ဆိုပါက ငှားရမ်းနေထိုင်သည့်သူများနှင့် ပတ်သက်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးဉပဒေပုဒ်မ ၁၇ အရ သက်ဆိုင်ရာအုပ်ချုပ်ရေးမှုးရုံးများသို့ ဧည့်စာရင်းတိုင်ကြားရန် တာဝန်ရှိသည့် အတွက် ငှားရမ်းနေထိုင်သူများ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထားပြည့်စုံစွာဖြင့် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ သတ်မှတ်ချက်များနှင့်အညီ ဧည့်စာရင်း တိုင်ကြားရန်နှင့် မိမိငှားရမ်းထားသောသူများသည် သံသယဖြစ်ဖွယ်ရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို အချိန်မီသတင်းပို့အကြောင်းကြားခြင်းဖြင့် အိမ်ရှင်များမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ နေအိမ်၊ တိုက်ခန်း ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း ဖော်ထုတ် ရရှိပါက နေအိမ်၊ တိုက်ခန်းများ ငှားရမ်းစဉ် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက ငှားရမ်းထားသည့် ပိုင်ရှင်များတွင် တာဝန်ရှိမည်ဖြစ်သဖြင့် သက်ဆိုင်ရာတည်ဆဲဥပဒေအရ အရေးယူခံရမည့်အပြင် အဆိုပါငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့် အမှုများနှင့် ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ကြောင်း အိမ်ရှင်နှင့် အိမ်ငှားနေထိုင်သူများ သိရှိနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး ကြေညာခဲ့ကြောင်း သိရသည်။     

သက်နောင်ဦး(ငါန်းဇွန်)