တာလေမြို့၌ ဘုရင့်​နောင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

တာလေ  စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်စည်ပင်သာယာ ရေးဌာနအထွေထွေပိုလျှံရန်ပုံငွေဖြင့် တာလေ မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် အမှတ်(၃)ရပ်ကွက် ဘုရင့်နောင်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုယမန်နေ့က မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

စည်ပင်သာယာရေးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွံဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက်လုပ်ငန်းများလျာထားဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်တွင် အမှတ်(၃)ရပ်ကွက် ရှိ ဘုရင့်နောင်လမ်းမအား အများပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုသွားလာနိုင်ရေးအတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ အထွေထွေပိုလျှံရန်ပုံငွေမှ ငွေကျပ် ၃၇၄ ဒသမ ၆၉ သိန်းဖြင့် အရှည် ၉၅၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မရှိသည့်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းကို တာလေမြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့​ပြီး ယခုတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ တစ်ရာရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို နှင့် တာဝန်ရှိသူများက သြဂုတ် ၂၄ ရက်နေ့ လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သည့် အမှတ်(၃)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းအားလမ်း၏ အတိုင်းအတာများပြည့်မီ​ခြင်း ရှိ/မရှိ နှင့် သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ အရည်အသွေးပြည့်မီစွာဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေများအား လှည့်လှယ်ကြည့်ရှု စစ်ဆေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ဖြည့်စွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)