တာမွေမြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့် သား/ငါး အခွန်လွတ်စျေး သန့်ရှင်းသပ်ရပ်စေရေးအတွက် အထူးအလေးထားဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့် သား/ငါး အခွန် လွတ်စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ စျေး(၇) စျေးမှ စျေးတာဝန်ခံများနှင့် မြို့နယ်စည်ပင် သာယာရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ အဆိုပါ ဟင်းသီး ဟင်းရွက်နှင့် သား/ငါး အခွန်လွတ်စျေးအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ စျေးအတွင်းရှိ ရေဝပ်နေသော ချိုင့်ခွက်နေရာများအား သဲအိတ်များဖြင့် မြေဖို့ပေးခြင်းနှင့် စျေးအတွင်းရှိ ရေနှုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့နေသောနှုန်းနှင့် အမှိုက်များကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ပေးနေမှုအပေါ် အဆိုပါစျေးတွင် ဟင်းသီးဟင်းရွက်ရောင်းချနေသူ တစ်ဦးကလည်း "ယခုလို စျေးမှ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ စျေးကြီးအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပေးတာတို့၊ စျေးအတွင်း ရေစီးဆင်းမှုမရှိတဲ့ ရေမြောင်းတွေအတွင်းမှ  နှုန်းနှင့်အမှိုက်သရိုက်တွေ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေး တာဟာ ကျွန်တော်တို့ စျေးသူ/ စျေးသားများအတွက်သာမက စျေးသို့ စျေးဝယ် လာရောက်ကြသူတွေအတွက်လည်း များစွာအကျိုးရှိပါ တယ်။ နောက်ပြီး ဒီစျေးက ရန်ကုန်မြို့စွန်နေရာတွေဖြစ်တဲ့ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးစတဲ့ မြို့နယ် တွေက ကိုယ်တိုင်စိုက်ပျိုးမွေးမြူသူတွေကိုယ်တိုင် စားသုံးသူတွေ လက်ဝယ်အရောက် သက်သာသော စျေးနှုန်းတွေနဲ့ လာရောက်ရောင်းချ တဲ့ စျေးလည်းဖြစ်ပါတယ်။ ယခင်က ဒီစျေးမှာရှိတဲ့ ရေနှုတ်မြောင်း တွေဟာ ရေစီးဆင်းမှုမရှိခဲ့တဲ့အတွက် မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် စျေးဆိုင်ခန်းများအတွင်း မိုးရေများ ဝပ်နေတဲ့အတွက် ကျွန်တော်တို့ စျေးရောင်းချသူတွေအနေနဲ့လည်း အမြဲတမ်း ရေခပ်ထုတ်ရ တဲ့ ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ ယခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရေနှုတ်မြောင်းများ အတွင်းရှိ နှုန်းနှင့်အမှိုက်တွေကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးတဲ့အတွက် ယခင်ကလို ဆိုင်ခန်းတွေအတွင်း ရေဝင်ရောက်သည့် ပြဿနာမှ ကင်းဝေးသွားစေနိုင်မှာဖြစ်တဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ အနေဖြင့် မြို့နယ်အတွင်းရှိ မိုးမခချောင်း၊ နတ်ချောင်း၊ ခုနှစ်ပင်လိမ်ချောင်းနှင့် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)