ရန်ကင်း စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်နေပြည်သူများအား "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမင်းမင်းလတ်၏ ကြီးကြပ်မှုဖြင့်အမှတ် (၅)ရပ်ကွက် ရန်ရှင်းလမ်းနှင့် အမှတ်(၈)ရပ်ကွက် မဥ္စူလမ်း၊ နှင်းဆီလမ်းနှင့် ကံ့ကော်မြိုင် လမ်းတို့တွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှမြို့နယ်ဦးစီးမှူး ဦးသိန်းမောင်၏ ဦးဆောင်မှုနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်ကွက် စာရေးများက လိုက်လံ စာရင်းကောက်ယူလျက်ရှိကြောင်းသိရသည်။
ထိုသို့ စာရင်းကောက်ယူရာတွင် လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိသူများ၊ ကိုင်ဆောင်လက်မှတ်မရှိသူ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု စာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ရွှေပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူနှင့်လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူစသည့် အချက်များဖြင့် စာရင်းကောက်ယူ လျှက်ရှိသည်။
အဆိုပါ “ပန်းခင်း” စီမံချက်ဖြင့် မြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ စတင်ကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
လှလှထွေး(ပြန်/ဆက်)