သီပေါ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် လိုအပ်သည့် စည်းကမ်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း နေထိုင်သော ပြည်သူများအား ပြင်ပသွားလာခွင့် ကတ်ပြား ပါ/မပါ စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင် သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာ များတွင် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း နေထိုင်သော ပြည်သူများအနေဖြင့် ဈေးဝယ်ယူခြင်းနှင့် ကျန်းမာရေးကိစ္စများအတွက် ပြင်ပထွက်ခွာပါက သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သွားလာခွင့်ကတ်ကိုထုတ်ပေးထားပြီး ပြင်ပသွားလာခွင့်ကတ်ပါမှသာ သွားလာရန်စည်းကမ်းချက်များ သတ်မှတ်ကြေညာပြီး ဖြစ်ပါသောကြောင့် မြို့နယ်အတွင်းနေထိုင်သော ပြည်သူများ လိုက်နာစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများပူးပေါင်းပါဝင်သော အဖွဲ့များမှ ရပ်ကွက်၊ကျေးရွာ အဝင်/ အထွက် နေရာများနှင့်လမ်းဆုံများတွင် ပြင်ပသွားလာသူများအား ပြင်ပသွားလာခွင့်ကတ်ပြားပါ/မပါ နှင့် ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်းများ ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် နေ့စဉ်ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများစစ်ဆေးတွေ့ရှိရသဖြင့် ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းစေရန်အတွက် ရည်ရွယ်၍ ပြင်ပသွားလာခွင့်ကတ်ပြားနှင့်ပါးစပ်နှာခေါင်းစည်းတပ်ဆင် သွားလာခြင်းများရှိ/မရှိကိုစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်တီမှသိရသည်။
ခင်လေး(ပြန်/ဆက်)