နောင်ချိုမြို့၌ ရဟန်း၊ သာမဏေ၊ သာသနာ့နွယ်ဝင် သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ ကွင်းဆင်း စစ်ဆေးမှုများဆက်လက်ဆောင်ရွက်

နောင်ချို  စက်တင်ဘာလ   ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဟိုခို၊ ဉာန်တော်၊ မျက်ချီးနု၊ ရွှေမုဌော၊ နောင်တောအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း (၉)ကျောင်းမှ သံဃာ ၁၇၃ ပါး၊ သီလရှင် ၁၅ ပါး စုစုပေါင်း ၁၈၈ ပါးကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ သံဃာတော်(၁၁)ပါး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများကို ရှာဖွေဖော်ထုတ်စစ်ဆေးခဲ့ကြပြီး ကျန်ရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ကျေးရွာ၊ ရပ်ကွက်များသို့ ဆက်လက်ကွင်းဆင်း၍ စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်ချိုမြို့နယ်အနေဖြင့် စက်တင်ဘာလ(၁၄) ရက်နေ့ထိ အတည်ပြုလူနာ (၂၆၃၉)ဦး၊ သေဆုံးသူ (၃၃)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၂၁၃၀))ဦး၊ ကုသမှုခံယူနေဆဲ (၄၇၆)ဦး ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ အမြန်ဆုံးကွင်းဆက်ပြတ်တောက်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 ထွေးငယ်  (ပြန်/ဆက်)