ပူတာအိုခရိုင်၌ ပုလဲဓါတ်မြေဩဇာနှင့် နွားချေးသဘာ၀မြေဆွေးရောစပ်၍ အကျိုးရှိစွာသုံးစွဲရေး၊ ရွက်ဖျန်းမြေဩဇာသုံးစွဲရေး ပညာပေးကွင်း သရုပ်ပြပွဲနှင့် မန်ဂျန်ရှားကြီးမြန်သစ်ပင်စုပေါင်းစိုက်ပျိုး

 

ပူတာအို  စက်တင်ဘာ  ၁၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်လာစေရေးအတွက် ပုလဲဓါတ် မြေဩဇာနှင့် နွားချေးသဘာ၀မြေဆွေး ရောစပ်၍ အကျိုးရှိစွာသုံးစွဲရေး၊ ရွက်ဖျန်းမြေဩဇာသုံးစွဲရေး ပညာပေးကွင်းသရုပ်ပြပွဲနှင့် မန်ဂျန်ရှားကြီးမြန်သစ်ပင်စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့ နံနက်(၈)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ မတ်ပန်ကွင်း မျိုးသန့်မျိုးစေ့ထုတ်စံပြကွက (၁၀)ဧက၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက ကိုဗစ်-၁၉ရောဂါကပ်ဘေးနှင့် အခြားဖြစ်စဉ်များကြောင့် စိုက်ပျိုးရေးသွင်း အားစုများ ဈေးနှုန်းကြီးမြင့်၍ ၀ယ်ယူရန်ခက်ခဲခြင်းများကြောင့် မြေဩဇာသုံးစွဲနိုင်မှုလျော့ကျလာနိုင်ကြောင်း၊ သို့ဖြစ်၍ ရရှိနိုင်မည့်မြေဩဇာကို အကျိုးရှိစွာသုံးစွဲနိုင်ရေးအတွက် ပုလဲမြေဩဇာနှင့်မြေဆွေးကို(၁:၃)ရော စပ်၍ထည့်သွင်းခြင်း၊ ပုလဲမြေဩဇာကို ရေဖျော်၍ ရွက်ဖျန်းမြေဩဇာ အဖြစ် ပက်ဖျန်းခြင်းနှင့်အသင့်သုံးရွက်ဖျန်းမြေဩဇာများအသုံးပြု၍ ပက်ဖျန်းခြင်းတို့အား ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် ဓါတ်မြေဩဇာ ကုန်ကျစရိတ်လျော့ချခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်လာခြင်းဖြင့် မိုးစပါးစိုက်တောင်သူ များဒေသ၀မ်းစာဖူလုံစေရေးနှင့် မိသားစုအပို ၀င်ငွေရရှိလာနိုင်စေရန်အတွက် ကွင်းသရုပ်ပြပွဲအားကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာ သူများက မြေဩဇာရောစပ်ခြင်းများနှင့် မြေဩဇာကြဲပက်ခြင်းများ လက်တွေ့ကွင်းသရုပ်ပြခြင်းများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ပူတာအိုခရိုင်တွင် မိုးစပါး(၃၆၈၈၀) ဧကနှင့်မိုးသီးနှံအနေဖြင့် ဖူးစားပြောင်း(၂၄၂၄)ဧက၊ အစေ့ထုတ်ပြောင်း(၅၁၅) ဧက၊ မိုးပဲပုပ်(၃၉၆) ဧက၊မိုးမြေပဲ(၁၀၄) ဧကစိုက်ပျိုးပြီးစီးခဲ့ပြီး အများဆုံးစိုက်ပျိုးသည့် စပါးအမျိုးအစားမှာ အထွက်နှုန်းတိုး ဆင်းဧကရီ-၃၊ မှော်ဘီ-၂၊ ပုလဲသွယ်မျိုးစပါးများနှင့် ဒေသမျိုး စပါးများဖြစ်သည့်ခေါ်လုံး၊ အမ်ဟင်မျိုးစပါးများစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့၀င်များ၊ ခရိုင်/ မြို့နယ်  ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၀န်ထမ်းများ၊ တောင်သူများက မျိုးသန့်မျိုးစေ့ထုတ် စံပြစိုက်ကွက်(၁၀) ဧက၏ ကုန်ထုတ်လမ်းဘေးဝဲယာတွင် မန်ဂျန်ရှားကြီးမြန်သစ်ပင် အပင်(၁၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ ကြောင်း သိရသည်။  

 ခရိုင်ပြန်/ဆက်(ပူတာအို)